လူတစ်ကိုယ် အကြိုက်တစ်မျိုး။ ဖြစ်ချင်တာတွေကလည်း အမျိုးမျိုး။ ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပါသလား။ ဖြစ်သမျှကို အကောင်းအတိုင်းလက်သင့်ခံရမယ်ဆိုပါလား။ ဘာတွေဖြစ်ချင်ပြီး ဘာတွေဖြစ်မြောက်အောင်မြင်ခဲ့ပြီလဲ။ သုံးသပ်ဖို့အချိန်ကျလာပြီထင်ပါရဲ့။ မောင်မျိုးက Tag တဲ့နောက် သမိုင်းနောက်ကြောင်းကိုလှန်ရင်း မှတ်တိုင်တွေကို လည်ပြန်ကြည့်မိတယ်။ ပင်ပန်းတယ်ကွယ်…..

ငယ်တုန်းက သူဆော့နေကျက တုတ်ချောင်းလေး ကိုင်ပြီးရင် ကဲဆေးထိုးမယ်လုပ်တော့တာ။ ကျောင်းတက်ခဲ့တဲ့ ကာလတစ်လျှောက်လည်း စာစီစာကုံးခေါင်းစဉ် ကျနော့ရည်မှန်းချက်ဆိုတိုင်း ဆရာဝန်ဖြစ်ချင်တယ်ချည်းပဲ။ ဆယ်တန်းစာမေးပွဲ ဖြေအပြီး သူငယ်ချင်းတင်တင်ဇော်က နင်ဘာလုပ်မလဲမေးတာကို ပြန်ဖြေခဲ့တာ အခုအထိ အသည်းထဲစွဲနေတုန်း ငါ့အဖေလိုတော့ အင်ဂျင်နီယာမလုပ်ချင်ဘူးလို့။ အခုတော့ ဆေးစပ်ကျရာ ဆွဲမိတဲ့ အန်ချင်စရာ ငါဖြစ်နေခဲ့ပြီ။ တင်တင်ဇော်ရေ နင်မြင်ရင် လက်ညိုးထိုးပြီး ရယ်မှာသေချာတယ်။ အပြောကြီးခဲ့လေတယ်ဟာ….

ပြောမယ့်သာပြောတာ ငယ်တုန်းက အိမ်ရှေ့က မြေပြင်မှာ သစ်သားတွေပေါင်းစပ်ပြီး အိမ်ဆောက်ဖူးခဲ့တာပဲ။ ပြီးတော့ ဆော့နေတဲ့ ကားလေးတွေပျက်ရင် ဟိုဘက်ဒီဘက် မော်တာတွေ လဲတပ်ခဲ့ဖူးတာပဲ။ အင်ဂျင်နီယာစိတ်က အငုံစိတ်ထင်ပါရဲ့။ အင်းလောလောဆယ် ထမင်းကျွေးနေတဲ့အလုပ်ဆိုတော့ အဖတ်ပြန်ဆယ်ရသေးတာကိုး။

ရွှေသွေးတေဇမှသည် ခလေးဂျာနယ် တိုင်းရင်းမေ စန္ဒာ ရှုမ၀ရုပ်စုံတွေ….ပြီးတော့ ဖေပြောပြနေတတ်တဲ့ ပုံပြင်တွေကနေ စာဖတ်ခြင်းက ယနေ့အထိလေ။ စန္ဒာမဂ္ဂဇင်းထဲက ကြပ်ကလေးပုံပြင်တွေက တကယ့်စွဲမက်ဖွယ်။ နောက်တော့ ပေဖူးလွှာထဲက စနေမောင်မောင်ဇာတ်လမ်းတွေ။ ဘိန်းစားဘွန်းဟောင်းရဲ့ ဥာဏ်ထက်မြက်မှုတွေကို အားကျလို့သာ နေတော့တာ။ ညီအစ်ကိုမောင်နှမဆိုတာ မရှိခဲ့တာမို့ စာအုပ်တွေကြားမှာပဲ နှစ်မြုပ်ရင်း တစ်ခါတစ်လေဆို အိမ်ထဲက အိမ်ပြင်တောင်မထွက်မိခဲ့။

မေက မန္တလေးသင်္ကြန်ဆို တောင်ပြင်အိမ်ကလုပ်တဲ့ မဏ္ဍပ်မှာ ကလေ့ရှိသတဲ့။ ဖေကတော့ မိချောင်းနဲ့မျောက်ရဲ့ ဒဏ္ဍာရီကို ကြားဖူးသလားအချစ်ရေ့ ဆိုလေ့ဆိုထရှိတတ်တယ်။ ငယ်တုန်းကတော့ ဖေဖေကြီး ဖေဖေကြီးကို ချစ်တယ်ဆိုတဲ့ သီချင်းကနေ နောက်တော့ တဖြည်းဖြည်း သူတို့ဆိုနေကျ မိုးညမှောင်ရိပ်ဝယ် အိုအေးအေးတေးတွေလည်း ဆိုတတ်ခဲ့ပြန်ရော။ စံပယ်စံပယ်ပန်းရယ် သင်းရနံ့ကြူဖြူဖြူဖွေးတယ် မွှေးမွှေးလေးပေးချင်အောင်ကွယ်ဆိုလည်း ဖြစ်လိုက်တာပါပဲ။ မိုးကုပ်စက်ဝိုင်းနံရံတံတိုင်းကိုသာ ခေါင်းထိုးပြေးဝင်တိုက်ချင်တိုက်ပစ်လိုက်မယ်လေ အကြွေးရတောင်မလွမ်းတော့ဘူးဆိုလည်း ၀င်လွမ်းလိုက်တာ။ သီတာနေပါဦး သီတာနေပါဦးလည်း ဟစ်လိုက်တာပါပဲ။ ငယ်စဉ်က ကလေးတို့ဘ၀မှာဆိုပြီး အိမ်မှာလာနေတဲ့ အစ်ကို ပလက်ကင်ခေါက်လိုက်တာနဲ့ အဆိုက ၀င်ပြီးသားဖြစ်နေပြီ။ ဖွင့်သမျှသီချင်းတိုင်းနားထဲဝင် ပြီးတော့ အသံပြဲနဲ့အော်တတ်တာအမှန်ပါ။ ဒါပေမယ့် ရေချိုးခန်းမင်းသားသက်သက်ရယ်ပါ။ စင်ကြောက်တဲ့ ရောဂါနဲ့ ဘယ်အခါမှ မတက်ခဲ့ရဲ။ စင်ပေါ်တက်ရင်လည်း ကျားပျံပဲဖြစ်မှာ ကြားတာနဲ့ပြန်ရောလေ။ ပြီးတော့ အေသုံးလုံးဘွဲ့ရမှာ (လာပါအေ မကောင်းပါဘူးအေ ပြန်ကြပါစို့အေ)။ အခုလည်း အခန်းထဲသီချင်းမဖွင့်လိုက်နဲ့ လိုက်ဆိုမယ် ချည်းဖြစ်နေလို့ အခန်းဖော်လည်း စိတ်ညစ်နေလောက်ပါပြီ။ မနေ့ကတောင် ဖြူဖြူကျော်သိန်းအော်ဆိုခဲ့တာ ပူပူနွေးနွေး။

အမှတ်တရ စုဆောင်းတတ်ရမယ်တဲ့။ ငယ်တုန်းကစုဆောင်းတတ်တာ တံဆိပ်ခေါင်းလေးတွေ။ အသိမိတ်ဆွေတွေ တွေ့ရင် တံဆိပ်ခေါင်းအဟောင်းတွေ တောင်းရင်းစုပေါ့။ အခုတော့ စာအုပ် ရုပ်ရှင်ကားတွေပဲ စုဖို့အားသန်တော့တယ်။ အားရင် စာအုပ်တွေမှာနေမိတာမို့ ကိုရုပ်ဆိုးကြီးစိတ်ရှည်ပါစေပေါ့ဗျာ။ ပိုက်ဆံစုဖို့အကြောင်းတော့ အခုအချိန်ထိ ခေါင်းထဲမှာမရှိသေး။ စုတော့စုရမယ်ဗျ။

ဒီလောကမှာ အရိုးမပါတဲ့အရာကို ထိန်းရတာအခက်ဆုံးတဲ့။ လျှာပါးတယ်ပဲခေါ်မလား ဇာချဲ့တာပေလားတော့ မသိ။ ဟင်းများမကောင်းရင် ပန်းကန်က ရေ၀ဲထဲလည်သလိုကိုလည်နေတော့တာ။ အဲဒီနေ့ဆို မေကလက်ဖက်ထသုတ်ပေးရတတ်တယ်။ အစားအကောင်းကြိုက်တယ် ပြီးတော့ စားမယ်ဆိုတာချည်းပဲ။ ဒီတစ်ခေါက်အပြန်မှာ မြေနီကုန်းက ၀က်သားတုတ်ထိုးနဲ့ ကြေးအိုးရယ် အမှတ်တရက ကြက်ခြေထောက်ပေါင်းနဲ့ ၀က်သားချဉ်၊ ရွှေပုဇွန်ရယ်ပဲစားခဲ့ရပါတယ်။ ဦးရေခဲလမ်းက မုန့်ဟင်းခါးနဲ့ ကောက်ညှင်းထုပ်၊ မင်းလမ်းမုန့်တီ၊ ချမ်းမြေ့အောင်က ယိုးဒယားအစားအစာ၊ smile က ခေါက်ဆွဲ ငှက်ပျောသီးပျားရည်ဆမ်းကြော်တို့နဲ့ မဆုံဖြစ်လိုက်ပါဘူး။ ဒါတောင်အပြန်မှာ 77 က cheese cake တစ်လုံးတော့ ပါအောင်ဆွဲခဲ့သေးတယ်။ ခရီးသွားတုန်းကလည်း တောင်ကြီးကမောရှမ်း ပင်းတယက ကြံလိုက်တို့ဆိုတာ စားခဲ့သေးတာပေါ့။ မန္တလေးဘူတာနားက အီကြာကွေးနဲ့မလိုင်ကို မစားလိုက်ရတာမို့ အဒေါ်က မလိုင်လုပ်ပေးပြီး အစ်ကိုက အီကြာကွေးကိုယ်တိုင်ကြော်ပြီး နှစ်သိမ့်လိုက်ကြတယ် တော်ကြာမပြန်ပဲနေမှာစိုးလို့။ အဘိုးမဆုံးခင်ကတော့ တဖွဖွပြောရှာတယ် ဟိုဒင်းရတနာဆင်တယ်တဲ့လေ။ ဘာပြောပြော ဒါမျိုးဆို မေ့မေ့ပျောက်ပျောက်နဲ့ အစားကတော့ ကြိုက်လျက်။

အချိန်လေးများ မပိုလိုက်နဲ့ ကြော်ငြာလေးများမမြင်လိုက်မိနဲ့…ဇာတ်ကားစပြမယ့်နေ့ကို booking တင်ပြီးသားဖြစ်နေတတ်ပြီ။ အိမ်မှာကြည့်တာနဲ့ ရုံမှာကြည့်တာ ပိုက်ဆံကုန်မယ့်နေရာကို ပိုမက်မောနေတော့ခက်သေးတယ်။ သူငယ်ချင်းတစ်ချို့က ကောင်းချီးပေးကြတယ် ဆင်ဆာအဖွဲ့မှာ လုပ်ပါလားတဲ့။ မဆိုးဘူး တွက်ချေကိုက်နိုင်မယ်ထင်တယ်။

ရှုခင်းတွေကြည့်ရတာ ၀ါသနာပါသလို မှတ်တမ်းတင်ဖို့ကိုလည်း လက်မနှေးချင်ခဲ့။ ၀ါတာကာလာ ရေးဆွဲဖို့ ကြိုးစားဖူးပေမယ့် အဖြစ်မရှိပါဘူးလေ။ ကင်မရာဆိုတာ ငယ်ဘ၀တောက်လျှောက်ငေးမော တပ်မက်လာခဲ့တဲ့အရာ။ ဓါတ်ပုံပြပွဲဆို အမြဲအားကျကြည့်ရှုချင်ခဲ့မြဲ။ ဖေ့ဆီက ဖလင်ကင်မရာ cannon တစ်ပတ်ရစ်လေး လက်ဆောင်ရတော့ ပျော်ရွှင်စွာရိုက်ကူးရင်ခုန်ခဲ့။ ကူးပြီးထွက်လာမယ့် ပုံတွေအတွက် စိတ်ကူးတွေယဉ်။ ပုံတစ်ခါကူးတိုင်း ကုန်လိုက်တဲ့ ပိုက်ဆံ။ စကားပုံတစ်ခုကြားဖူးသလို မွဲစေလို ကင်မရာလက်ဆောင်ပေးတဲ့ တကယ့်မွဲဆေးဖော်သလိုပါပဲ။ အခုလည်း တောင်မရောက် မြောက်မရောက် အပျော်တမ်း ဓါတ်ပုံရိုက်ဖို့ ရှေ့ဆုံးကဖြစ်နေပြန်ရော။ မြေစမ်းခရမ်းပျိုးရင်း ကုန်သလောက်ရှိနေပါပြီ။ ပိုးသာကုန် မောင်ပုံစောင်းမတတ်အဖြစ်ပါ။

စစ်မှာတစ်မူဆိုတဲ့ ကဗျာ စကားပြေလေးကို မှတ်စုစာအုပ်လေးထဲမှာ ကိုယ်တိုင်ခံစား ရေးဖွဲ့ခဲ့မိတယ်။ မြန်မာစာဆရာ ဦးတင်ထူးက အမှတ်မထင်တွေ့ပြီး ကျောင်းကနံရံကပ် စာစောင်မှာ ကဗျာတစ်ပုဒ် အတင်းတင်ခိုင်းတယ်။ အဲဒီကဗျာကလွဲရင် ဘယ်နေရာမှာမှ စာမရေးခဲ့ဖူး။ စာရေးတတ်ဖို့နေနေသာသာ စာတွေဖတ်နေရရုံနဲ့ လုံလောက်ပြီထင်နေခဲ့တာ။ စာတွေဖတ်ရင်း စာတွေရေးချင်စိတ်တွေဖြစ်လာပြန်ရော။ အဲဒါနဲ့ ဒီဘလော့လောကထဲမှာ လုံးချာလည်နေမိတော့တာပါပဲ။

တစ်ချို့မှတ်တိုင်တွေ ကိုယ်တိုင်ဖြတ်ခဲ့ရတာ အားရပါးရ ရှိခဲ့တယ်။ တစ်ချို့မှတ်တိုင်တွေက ဝေေ၀၀ါးဝါး။ တစ်ချို့မှတ်တိုင်တွေက မှေးမှိန်လို့။ အင်း အိပ်မက်ထဲက မှတ်တိုင်ကတော့ ဝေးကွာဆဲ။ လည်ပြန်တစ်ချက်အငေးမှာ တွေကနဲဖြစ်သွားမိတယ်။ မှတ်တိုင်တွေများခဲ့သလောက် ငါဘာမှ မဟုတ်သေးပါလားဆိုတာ သိပ်သေချာထင်ရှားနေတော့တာ……

မောင်မျိုးရေ တော်တော်လေးစုံလောက်ပြီထင်တယ်။ ကျေနပ်ပျော်ရွှင်ပါစေဗျာ…..



1 Comment   Add this link to...  Bury

Comments Who Voted Related Links