ကိုဂျူလိုင်က ပုံတွေဆက်တိုက်တင်တော့ ကျနော်လည်း ဆက်တိုက်လွမ်းရတော့တာပေါ့။ အခုပုံလေးက နောက်ဆုံးအခေါက်မှာ ရိုက်ဖြစ်ခဲ့တဲ့ နေ၀င်ချိန်ရှုခင်းလေးပါဗျာ။

ထပ်တလဲလဲ သွားခဲ့ဖူးတယ်။ ဒါပေမယ့် မေ့လို့မရသလို နောက်ထပ်သွားခွင့်ရရင် ရသလောက် သွားဖို့ အဆင်သင့်။ ငယ်ငယ်တုန်းက ခရီးတွေ မသွားခဲ့ရသမျှ အတိုးချလည်ဖို့ ကြိုးစားနေမိတော့တာ။ အဲဒီနေရာကို ခြောက်ခေါက်တိတိ ရောက်ဖူးခဲ့တာ။ နည်းသေးတယ်ထင်ပါရဲ့။

ပထမဆုံး အဲဒီခရီးကို သွားရတော့မယ်ဆိုတော့ ရင်တွေခုန်လို့။ မေ့ဆီက ကြားဖူးတဲ့အတွေ့အကြုံတွေ ရုပ်မြင်သံကြားက ကြည့်ထားဖူးတဲ့ အဲဒီခရီးသွားဇာတ်ကားတွေ ပြန်လှန်တွေးရင်း စိတ်ကူးတွေယဉ်။

သူငယ်ချင်းအိမ်ကနေ မနက်ငါးနာရီမှာ စထွက်ဖြစ်ပါတယ်။ သူငယ်ချင်းအိမ်က ကျောင်းထဲက ပုဂံလမ်း မှာ။ မိသားစု ကားငှားပြီးသွားကြတာမို့ ကျနော်တို့ သူငယ်ချင်းသုံးယောက်က ကပ်လိုက်ခဲ့ကြတာ။ တလမ်းလုံးဆော့ရင်း ကစားရင်း မောပြီဆိုစားလိုက်သောက်လိုက် တကယ့် ပျော်ရွှင်စရာ။ ကားပေါ်မှာဆိုတော့ လေးတန်းတုန်းက ဆရာမဒေါ်ခင်ဌေးမူသင်ပေးတဲ့ meaning game ဆော့ဖို့အကြံပေးမိသည်။ မီးနင်းတစ်လုံးရဲ့ အဆုံးမှာ ရှိတဲ့ alphabet ကို အစပြုပြီး ပြန်ရွတ်ပြရတဲ့ မီးနင်းဂိမ်း။ x တို့ z တို့နဲ့ အဆုံးသတ်လို့ကတော့ စာလုံးတွေ ရှာမရတော့။ လိုရာခရီးကို ရောက်တော့ ညနေမစောင်းခင်။ နောက်နေ့မနက် ပြန်ထွက်ရမှာမို့ ခြေလျင်ခရီးကို တက်ခွင့်မရ။ အပြန်အဆင်းကိုတော့ မနက်စောစော ထဆင်းခွင့်ပြုမယ်ဆိုလို့ ၀မ်းသာမိခဲ့တယ်။ တောင်တွေ တောင်တွေ ကွေ့ရင်းပတ်ရင်း ဘွားကနဲ ဘုရားကို မြင်လိုက်ရတော့ ရင်ထဲမှာ အေးမြသွားလိုက်တာ ဘယ်ကြည်နူးမှုနဲ့မှ မလဲနိုင်။ အဲဒီတုန်းက ခရီးတစ်ဝက် ရသေ့တောင်အထိသာ ကားတက်ခွင့်ရှိခဲ့တာ။ ရေတစ်ပုံးတန်ဖိုးကလည်းမနည်း။ ရေနွေးများဆို ပိုတောင်ပေးရသေးသတဲ့။ သူတို့ချိုးရေပေးတဲ့ ရေပုံးလေးနဲ့ဆို ရေသုံးကြမ်းတဲ့ကျနော့အတွက် တိုင်ကီတစ်ဝက်လောက်ဆို အမလေး ပိုက်ဆံမလောက်ဘူးဆိုပြီး ရေမချိုးခဲ့ရပါ။ တောင်ပေါ်က ဆိုင်ရာ ဓမ္မာရုံတစ်ခု အခန်းကျဉ်းထဲမှာ ရှစ်ယောက် မလှုပ်သာမလွန့်သာ။ တစ်ညလုံး အိပ်မပျော်ခဲ့။ ရင်ပြင်တော်ပေါ်က အောင်မြေနင်းနည်းဆိုပြီး အပြောင်အပြက်နင်းရတဲ့ နည်းလေးကိုလည်း သတိရမိသေးတယ်။ ပြီးတော့ ဓါတ်ပုံအဖွဲ့ရဲ့ ဘုရားကို အပြိုင်အဆိုင် ရိုက်နေကြတော့ ကျနော်တို့လည်း မနေသာ ကျနော်တို့သူငယ်ချင်းတွေကို သူတို့ရဲ့ professional ကင်မရာနဲ့ ရိုက်ပေးဖို့ ၀ိုင်းပြောကြရင်း သူတို့တွေကလည်း ပြောင်နောက်နေတော့တာ။ ရန်ကုန်ရောက်တော့ ဓါတ်ပုံအသင်းမှာ ပုံသွားရွေးရပါတယ်။ ကျနော်တို့နဲ့ပါတွဲရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက ညောင်ဦးဖိုးချိုဆိုတာ အဲဒီတော့မှ သိရတာ။ မနက်လေးနာရီ အာရုဏ်ဆွမ်းကပ်အပြီး မီးတုတ်တွေလက်ဆွဲလို့ တောင်အောက်ကိုဆင်း။ အားပါးပါး များပြားလှတဲ့ အလှူခံပုံးတွေပါလား။ ဆင်းရင်းဆင်းရင်း ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အနွေးထည်တွေ အဆင့်ဆင့် ချွတ်ရင်း တောင်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့်။ ကင်ပွန်းစခန်းကိုရောက်တော့မယ်ဆိုတော့ ကျနော် အသင့်ပြင်။ သူများတွေက တစ်ဆင့်ကြားဖူးပါတယ် ဆွဲလားရမ်းလား သိပ်လုပ်တာပဲဆိုပါတယ် (ဆိုင်ဧည့်သည် အပြိုင်လုကြတာပါ)။ ဘေးနားကပ်လာရင် မလာနဲ့အော်ရင်း လက်နှစ်ဖက်ကို ပိုက်။ ဒါပေမယ့် ကျနော့သူငယ်ချင်းညီငယ်ခမျာ ပါသွားရှာပါတော့တယ်။ သူပါသွားမှတော့ ကျနော်တို့လည်း အဲဒီဆိုင်မှာပဲ မထူးဇာတ်ခင်းလိုက်ရတာပေါ့ဗျာ။ အင်း ဆွဲတဲ့သူတွေက အပိန်ဆုံးကောင်လေးကိုမှ ရွေးဆွဲသွားတယ် ပိုင်တယ်ဗျာ။ တောင်ခြေရောက်ရောက်ခြင်း ကားပေါ်ကိုတက် ကားထွက်ခဲ့လေသတည်း ထင်ထားတာ ဝေါအလွန်မှာ ကားပျက်ပါလေရော။ မှောင်ကလည်းမှောင် ကားကလည်း ပြင်မပြီးသေး။ မနက်ဖြန်သူငယ်ချင်း အဖေကရုံးပြန်တက်ရမှာမို့ နောက်ဆုံးတော့ ပဲခူးကားတစ်စီးကို လက်ပြ။ လူကြီးတွေကို ကားအလယ်ခုံမှာပေးထိုင် ကျနော်တို့တွေက ကားခေါင်မိုးပေါ်မှာ။ အစကတော့ ပျော်သလို။ နောက်တော့ ခြေထောက်တွေကျဉ်။ လေတွေကလည်း တဟူးဟူး အေးလိုက်တာလည်း ခိုက်ခိုက်တုန်။ အနွေးထည်တွေက ကားထဲမှာ။ ကားအရှိန်ကလည်းမသေး။ ရောက်ပါစေပဲဆုတောင်းနေမိတော့တာ။ ပဲခူးရောက်တော့ ရန်ကုန်ကားမှ ကျန်သေးရဲ့လား ပူရသေးတယ်။ နောက်ကားပေါ်တက်မှပဲ ဟင်းချနိုင်တော့တယ်။ လှည်းတန်းရောက်တော့ အိပ်ငိုက်နေရာက ပြန်နိုးလာခဲ့တာ။ ၁၁နာရီခွဲပြီလေ။ ပုဂံလမ်းအိမ်မှာပဲ တစ်ညအိပ် မိုးလင်း။

ပထမဆုံးရောက်ဖူးလေတဲ့ ကျိုက်ထီးရိုးအတွေ့အကြုံက အဲလို ဗရုတ်ဗရက်အမှတ်တရဗျ

ထပ်လွမ်းပါဦးမယ်ခင်ဗျာ
Discuss   Add this link to...  Bury

Comments Who Voted Related Links