အားတဲ့အချိန်လေးတွေမှာ ပျင်းပျင်းနဲ့ ဟိုကလစ် ဒီကလစ် လုပ်ရင်း သူများအိမ်တွေ လျှောက်ကြည့်မိပေမယ့် ခြေရာလက်ရာတော့ မချန်မိတာများနေတယ်။ ဘာတွေတွေ့သလဲပြောရရင် ၀ါသနာတွေလည်း တွေ့တယ်။ ကိုယ်စီကိုယ်စီ တွေ့ကြုံရတဲ့ အကောင်းအဆိုး၊ စိတ်ခံစားချက် အမျိုးမျိုးအဖုံဖုံတို့ကို ရင်ဖွင့်ထားတဲ့ ရင်ဖွင့်စာတွေလည်း တွေ့တယ်။ ခုရက်ပိုင်းတို့ ခုတလောတို့... ဒီတော့ စိမ်းဆိုတဲ့ ကောင်မလေးလည်း အားကျမခံ ရင်ဖွင့်ချင်စိတ်ပေါက်သွားတယ်။ ခုရက်ပိုင်း... ခုတလော... လောလောဆယ် ဖြစ်နေတာတွေလေ...

စိတ်သွားတိုင်းသာ ကိုယ်ပါမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးနေတယ်။ ဒါဆိုရင် ရန်ကုန်ကို လေယာဉ်ပျံလက်မှတ်ဖိုး မကုန်ပဲ ရောက်မယ်လေ။

တစ်နေ့တစ်နေ့ ရုံးမှာလည်း ပုံတွေစားပွဲပေါ်ဖြန့်ခင်းပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး. အူလည်လည်နဲ့ Calendar ကိုပဲ ခဏခဏပြန်ကြည့်နေတယ်။ ဒီနေ့ဖယ်ရင် ၂၂ရက်ပဲ ကျန်တော့တယ်။

စီးပွားရေးအခြေအနေကြောင့် ရုံးမှာလည်း Budget ကိုခဏခဏ ပြန်ပြင်ဆွဲနေရတယ်တဲ့။ တို့လည်း ဘဏ်ထဲက ငွေစာရင်းနဲ့ အသုံးစရိတ်ကို ခဏခဏ ပြန်တွက်နေမိတယ်။ တစ်ပတ်ကို နှစ်ခါလောက်ပါ။

ငွေဈေးကျတာကို အကြောင်းပြုပြီး အပြန်လက်ဆောင် ဘာမှမ၀ယ်တော့ဘူးလို့ ဆုံးဖြတ်တယ်။ ပျင်းပျင်းနဲ့ Robinsin, OG, Bugis Junction, BHG တ၀ိုက်လျှောက်သွားမိတဲ့အခါ ကိုယ့်ကိုယ်ကို သိပ်မိုက်မှန်း သိသွားတယ်။ ( မမခင်ဦးမေရဲ့ စကားကို ယူပြောပါသည်။ )

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ အခုထိပြီးခဲ့တဲ့ အချိန်တွေဟာ ခဏလေးလိုပဲ ကျော်ဖြတ်ခဲ့မိတယ်။ ဒါပေမယ့် ဒီနေ့ကနေ နောက်လာမယ့် ဧပြီ ၁၇ရက်နေ့ကတော့ သိပ်ကြာနေသလိုပဲ။

အရင်လက ငွေဈေးက စင်္ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၆၄၀ကျပ်။ ဒီနေ့မေးတော့ ၆၉၀ကျပ်တဲ့။ ရင်မနာပါဘူးဆိုရင်တောင် နည်းနည်းတော့ အောင့်တယ်ပြောရမလားပဲ။

အရင်က ပျင်းတိုင်း ရန်ကုန်ကို ဖုန်းဆက်တယ်။ အခုတော့ ပျင်းရင် အိပ်နေလိုက်တယ်။ ဖုန်းကဒ်တစ်ကဒ်ကို ချောကလက် ၂ပြားစာ တန်တယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမထားရတယ်။

တစ်ချက်တစ်ချက် ကိုယ့်ဟာကိုယ် ထိုင်နေတာတောင် ၀င်ခလုတ်တိုက်တတ်တဲ့ အကြောင်းအရာ တွေကြောင့် စိတ်တော့နည်းနည်းလေတယ်။ ပြီးတော့လည်း ပြေလည်သွားမှာပါပဲ၊ စိတ်မညစ်ပါနဲ့ လို့အမြဲတမ်း အားပေးတတ်တဲ့ မောင်လေးတစ်ယောက်၊ ညီမလေးတစ်ယောက်ကို လက်ဆောင် ပေးထားတဲ့ ကံတရားကို ကျေးဇူးတင်တယ်။ အချိန်တိုင်းမှာ နားလည်မှုအများဆုံး ရှိတဲ့ ခိုင်ဇာနဲ့ သက်ပိုင်သူကိုရောပဲ။

ဒီကြားထဲလူက မထိုင်နိုင်လောက်အောင်ကို နေမကောင်းဖြစ်တယ်။ လက်တွေနာလို့ ဘာစာမှမရိုက်နိုင်ဘူး။ တောင်နံကြီးနဲ့ ဆနွင်းတက် ၂ရက်လောက် လိမ်းလိုက်မှ ပျောက်သွားတယ်။

တကယ်တမ်းတွက်ကြည့်ရင် ခေါင်းမဖော်နိုင်အောင် အလုပ်များတာလည်း မဟုတ်ပဲနဲ့ တစ်နာရီလောက် ရုံးမှာပိုနေလိုက်ရင် အလုပ်တွေများ နည်းနည်းပိုပြီးမလားလို့လည်း ကြောင်တောင်တောင်အတွေးက ရောက်နေသေးတယ်။

ကျန်နေသေးတဲ့ ၂၂ရက်မှာ QS အကြောင်းကို ပြီးအောင်ရေးသွားမယ်လို့ စိတ်ကူးပေမယ့် တကယ်ရေးရင် ခေါင်းစဉ်ခွဲသုံးခုလောက် ထပ်ရေးရဦးမယ်။ တစ်ပတ်ကို တစ်ပိုင်းလောက် ရေးရင်တော့ ပြီးမှာပါလေ။

လွမ်းသုရင်အတွက် ရေးနေလက်စက တစ်ပိုင်းတစ်စ၊ ရေးနေရင်းနဲ့ ကိုယ်ထည့်ရေးချင်တဲ့ ဇာတ်လမ်းနောက်ခံကို မျက်လုံးထဲမှာ ဘယ်လိုမှ ပုံဖော်လို့မရတော့ စိတ်တိုတယ်။ သန်လျင်ကျောက်တန်းက ကျိုက်ခေါက်ဘုရားကို တစ်ခါလောက်ပြန်တက်ပြီးမှပဲ ဆက်ရေးတော့ရင် ကောင်းမလားလို့ တွေးတယ်။

အရင်လိုပါပဲ... နေ့လည်စာကိုတော့ သက်ပိုင်သူနဲ့ အတူတူသွားစားဖြစ်နေကျပဲ။ မျက်နှာချင်းဆိုင်ထိုင်၊ သူလည်း သူ့ထမင်းသူစား၊ ကိုယ်လည်း ကိုယ့်ထမင်းကိုယ်စား၊ သူလည်း သူ့စိတ်ကူးနဲ့သူ၊ ကိုယ်လည်း ကိုယ့်အတွေးနဲ့ကိုယ်။ တေမိယထုံး နှလုံးမူနေသလိုလို။ နေ့တိုင်းတောင် Tea Break မဆင်းဖြစ်တော့ဘူး။

စိတ်ထဲမှာ ရှိသမျှ Gtalk Custom Message အဖြစ် ရေးတတ်တဲ့ အကျင့်ကို ဆက်ထိန်းသိမ်းရရင် လောလောဆယ် ဘာများရေးဖြစ်မလဲလို့ တွေးမိတယ်။ "Catching my mind in the Air!" ဆိုရင် အသင့်လျော်ဆုံး နေမှာပဲ။

အိမ်အပြန်လမ်းမှာ ကားလမ်းတစ်လျှောက် ငုပန်းခိုင်တွေ တွဲလျားကျနေတာတွေ့တယ်။ ရန်ကုန်က စီးတီးမတ်ကို သိပ်သတိရတာပဲ။ သင်္ကြန်နီးရင် ပန်းအတုတွေနဲ့ အလှဆင်ထားမှာပဲလေ။

သင်္ကြန်မှာ အိမ်ပြန်တော့လည်း ဘယ်မှသွားဖြစ်မှာ မဟုတ်လို့ နှစ်ဆန်းတစ်ရက်မှ လက်မှတ်ဖြတ်လိုက်ပေမယ့် အဖြူရောင်သံစဉ်က သင်္ကြန်သီချင်းတွေကြားရင် သင်္ကြန်ရေစိုချင်နေသေးတယ်။ သင်္ကြန်အငွေ့အသက်ကိုတော့ လွမ်းဆွတ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ဟိုးအရင်ကလောက် ဘယ်အရာကိုမှ အလေးကြီး မခံစားမိတော့တာတော့ သေချာတယ်။ ဘယ်အရာမဆို မလူးသာမလွန့်သာ အကျဉ်းအကျပ်ထဲ ရောက်နေတုန်း အခိုက်အတန့်ပဲ မွန်းကျပ်တာပါ။ အဲ့ဒီအခိုက်အတန့်ကို ကျော်သွားနိုင်ပြီဆိုရင်တော့ အားလုံးဟာ ဘာမှမဟုတ်တော့ဘူးပဲလေ...။


Discuss   Add this link to...  Bury

Comments Who Voted Related Links