ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ကိုရောက်ပြီ။ နောက်လ ၂၅ရက်နေ့ဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးက ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ၊ ခရစ်တော် မွေးဖွားရာနေ့၊ ခရစ်စမတ်နေ့ကို ရောက်ပါတော့မည်။ ခရစ်စမတ်ဆိုလျှင် စင်္ကာပူမှာ အစည်ကားဆုံးနေရာဖြစ်သည့် Orchard တ၀ိုက်တွင်တောင်မှ ခရစ်စမတ်အတွက် အဆင်အပြင်တွေနဲ့ လှပနေပြီ။

ကျွန်မကတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက် မဟုတ်ပါ။ မိဘနှစ်ပါးလုံး ဗုဒ္ဓဘာသာဝင်၊ မွေးကတည်းကလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်လာသည့် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါသည်။ သို့သော် ခရစ်စမတ်ရာသီရောက်လျှင် ကျွန်မအလွန်ပျော်ပါသည်။ ကျွန်မငယ်ငယ်သိတတ်စ အရွယ်ကတည်းက နှစ်စဉ်မပျက် ပါဝင်ပျော်ရွှင်ခဲ့ဖူးသည့် ခရစ်စမတ်နေ့ကို ကျွန်မသတိရမိနေသည်။

ကျွန်မဖေဖေသည် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါသည်။ သို့သော် ဖေဖေ့အဖေ၊ ကျွန်မအဘိုးသည် ခရစ်ယာန်ဘာသာဝင် စစ်စစ်ဖြစ်သည်။ အဘွားကတော့ ဗုဒ္ဓဘာသာပါ။ အဘိုးဘက်မှ တော်ရသည့် ဆွေမျိုးတစ်ဆက်လုံးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ကျွန်မ၏အဘိုး၊ ဘိုးဘိုးဦးစိန်ညွန့်ကို ကျွန်မမမြင်ဖူးခဲ့ပါ။ ဦးလေး၊အဒေါ်များ၏ ပြောပြချက်အရ၊ ဘိုးဘိုးဓါတ်ပုံများအရ ကျွန်မဖေဖေနှင့် ရုပ်ချင်းချွတ်စွတ်တူရုံမက စိတ်သဘောထားလည်းတူသော ဘိုးဘိုးသည် ဖေဖေ ၁၄နှစ်သားအရွယ်တွင် ကွယ်လွန်ခဲ့ကြောင်းသာ သိခဲ့ရပါသည်။

ဖေဖေသည် သားအကြီးဆုံး ဖြစ်သည်နှင့်အမျှ ဘိုးဘိုးကိုလည်း အလွန်ချစ်သူဖြစ်သည်။ စိတ်လိုလက်ရရှိတိုင်းလည်း သူ၏ဖေဖေ၊ ကျွန်မအဘိုးအကြောင်းကို ပြောပြနေတတ်သည်။ သို့သော်လည်း ကျွန်မစိတ်မကောင်း ဖြစ်မိသည်က ဖေဖေ့တွင် ကျွန်မအဘိုးနှင့်ပတ်သက်ပြီး မျက်နှာမြင်စရာ အမှတ်တရ ဓါတ်ပုံတစ်ခုမျှပင် မရှိပါ။ ကျွန်မတို့မြင်ဖူးသော ဓါတ်ပုံများမှာ ငယ်ငယ်က ဘွားဘွားအိမ်တွင် မြင်ဖူးခဲ့ခြင်းမျှသာ ဖြစ်သည်။ တစ်ခါက ဖေဖေပျဉ်းမနားဘက်ရောက်၍ ကျွန်မအဘွားအိမ်သို့ ၀င်ခဲ့တုန်းက ဘိုးဘိုးရှိစဉ်က စီးကရက်ထည့်သည့် ဘူးလေးတစ်ခုကို အမှတ်တရ ယူလာခဲ့ဖူးပါသည်။ ဖေဖေ၏ ဖခင်အပေါ် ချစ်ရှာခြင်းကိုကြည့်ပြီး ကျွန်မတကယ်ကို နာကြင်ခဲ့ရပါသည်။

ဘိုးဘိုးရှိစဉ်က ဖေဖေသည် ဘိုးဘိုးသွားရာသို့ တကောက်ကောက် လိုက်ခဲ့တတ်သည်ဟု ဖေဖေက ပြောဖူးသည်။ ထို့ကြောင့်လည်း ဘိုးဘိုးဘက်မှ ဆွေမျိုး၊ မောင်နှမများက ဖေဖေ့ကို မောင်နှမအရင်းအခြာကဲ့သို့ ချစ်ခင်ရင်းနှီးကြသည်။ ဘိုးဘိုး Church တက်လျှင်လည်း ဖေဖေလိုက်တတ်သည်သာ။ ဖေဖေကတော့ ပြောဖူးပါသည်။ တကယ်လို့များ ဘိုးဘိုးသာ အသက်ရှည်ခဲ့ပါလျှင် ဖေဖေသည် ဗုဒ္ဓဘာသာဝင် မဖြစ်ပဲ ခရစ်ယာန်ဘာသာဝင် ဖြစ်သွားနိုင်သည်တဲ့...။

ဘိုးဘိုးဆုံးပါးသွားခဲ့သော်လည်း ဖေဖေသည် ဖခင်မျက်နှာမြင်ဆိုပြီး ဖခင်ဘက်မှ ဆွေမျိုးများဆီသို့ ငယ်စဉ်ကတည်းက အမြဲမပြတ်ရောက်ခဲ့သည်။ ပျဉ်းမနားရောက်လျှင် ပျဉ်းမနား၊ အင်းစိန်ဆိုလည်း အင်းစိန်၊ ပြင်ဦးလွင်ဆိုလည်း ပြင်ဦးလွင်ထိ အမျိုးအိမ်တစ်အိမ်မကျန် အိမ်စေ့ရောက်ခဲ့သည်။ ဆွေမျိုးများကလည်း ဖေဖေလာလျှင် ဦးလေးညွန့်မျက်နှာမြင်ဟုဆိုကာ ၀မ်းသားတတ်ကြသည်။ ဦးလေး၊အဒေါ်၊ အစ်ကို၊အစ်မများက မောင်ညွန့်ဇော်လို့ တဖွဖွခေါ်ကာ ချစ်ခင်ကြသလို၊ ညီ၊ညီမများကလည်း ကိုကိုကြီးဆိုပြီး ချစ်ကြောက်ရိုသေကြ၏။ ကျွန်မငယ်ငယ်ကတည်းက သိတတ်နားလည်ခဲ့သည်ကတော့ ကျွန်မဖေဖေ၏ မောင်နှမငါးယောက်ထဲတွင် ဖေဖေတစ်ယောက်သာ ဖခင်ဘက်မှ ဆွေမျိုးများကို ခင်တွယ်သည်။ ဖခင်ဘက်မှ ဆွေမျိုးများကြားတွင် ပျော်မွေ့သည် ဆိုသည်ကိုသာ...။

ကျွန်မတို့ ကြီးပြင်းလာသော နောက်ပိုင်းတွင် ဖေဖေသာမက အခြားသော မောင်နှမများလည်း ကိုယ်စီမိသားစုအရေးတွေနှင့်မို့ အမြဲမပြတ်မဆုံဖြစ်တော့ပါ။ ၀ါကြီးပိုင်းများလည်း ကွယ်လွန်ကြပြီမို့ ဘိုးဘိုးဘက်မှစပ်လျှင် ဖေဖေ့အစ်ကိုဝမ်းကွဲတော်သူ ကျွန်မဦးလေးကသာ မောင်နှမတွေဘယ်လောက်ပဲ မအားကြပါစေ၊ တစ်နှစ်မှာ ခရစ်စမတ်နေ့တစ်ရက်တော့ ဖြစ်အောင်ဆုံကြပါ။ မဟုတ်လျှင် နောက်ပိုင်းမျိုးဆက်ဝေးလာလျှင် ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် စိမ်းသွားလိမ့်မည်ဆိုပြီး သူကိုယ်တိုင်ဦးဆောင်ကာ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်နေ့ဆိုလျှင် အင်းစိန်ရှိ သူ့အိမ်တွင် တစ်နေကုန် ပျော်ပွဲရွှင်ပွဲလုပ်ပြီး လူစုစေတော့သည်။

ကျွန်မမှတ်မိသမျှ ခရစ်စမတ်နေ့ရောက်တိုင်း မနက်စောစောကတည်းက ကျွန်မတို့မိသားစု အိမ်မှထွက်ကာ ဦးလေးအိမ်သို့သွားရသည်။ ကျွန်မတို့သာမက အင်းစိန်၊ အောင်ဆန်းဘက်မှ မောင်နှမများ၊ ရန်ကင်း၊ ကန်တော်လေးဘက်မှ မောင်နှမများအားလုံး ဦးလေးအိမ်တွင် ဆုံသည်။ ကျွန်မတို့ရောက်ချိန်တွင် မနက်အစော ရွာမ Churchမှ ၀တ်ပြုပြီးပြန်လာသော ခရစ်ယာန်အမျိုးအားလုံးလည်း ပြန်ရောက်ကြပြီဖြစ်ရာ အတူတူဆုံပြီး စားကြသောက်ကြ၊ သီချင်းဆိုကြ၊ ပူဖောင်းလေးတွေ ဖောက်ကြ၊ ပါဆယ်ဂိမ်းဆော့ကြနှင့် ပျော်စရာသိပ်ကောင်းခဲ့သည်။ Jingel Bellသီချင်းသံက သာယာနာပျော်ဖွယ် ကောင်းသည်။ ထိုတစ်နေ့တွင် ကျောင်းစာ၊ အလုပ်ကိစ္စ အားလုံးမေ့ထားကြတော့သည်။

ငယ်ငယ်က စားဖို့လောက်သာ သိသော်လည်း အသက် ၁၅နှစ်၊ ၁၆နှစ်ရောက်လာသောအခါ မောင်နှမတွေလည်း မတိမ်းမယိမ်း အရွယ်ညီလာကြသည်မို့ လူကြီးတွေက တစ်ဝိုင်း၊ လူငယ်တွေက တစ်ဝိုင်းဖြင့် တစ်အိမ်လုံး တ၀ါးဝါး တဟားဟားဖြင့် ပွဲစည်ခဲ့သည်။ ဦးလေး၏ သားနှစ်ယောက်ဖြစ်သော ကျွန်မ၏အစ်ကို ၀မ်းကွဲနှစ်ယောက်မှာ အလုပ်အကိုင်ဖြင့် နိုင်ငံခြားရောက်နေသည့်တိုင် ဒီဇင်ဘာဆိုလျှင် ပြန်လာတတ်သည်။ လုံးဝမတတ်နိုင်လျှင် ၂၄ရက်နေ့ညတော့ ရောက်အောင်ပြန်လာသည်။ သည်မျှအထိ မိသားစုခရစ်စမတ်ကို ခင်တွယ်ကြပါ၏။

ယခုနှစ်နှင့်ဆိုလျှင် မိသားစုခရစ်စမတ်တွင် ကျွန်မ မပါဝင်ရသည်မှာ သုံးနှစ်ရှိပါပြီ။ သို့သော် အမြဲသတိရသည်။ ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်ရုံမက ဖေဖေ့ကိုချစ်သည့် စိတ်နှင့်လည်း ဖေဖေပျော်မွေ့သော ခရစ်စမတ်ကို ကျွန်မပျော်မွေ့သလို ဖေဖေချစ်သော ခရစ်ယာန်ဆွေမျိုးများကိုလည်း ကျွန်မချစ်သည်။ ကျွန်မတို့အိမ်မှာ ဗုဒ္ဓဘာသာအိမ်ဖြစ်သော်လည်း ခရစ်စမတ်ရာသီတွင် ဘုရားကျောင်းမှ ဓမ္မတေးလာဆိုခြင်းကို ဖေဖေကခွင့်ပြုသည်။ ထို့ကြောင့်လည်း နှစ်တိုင်း ဒီဇင်ဘာဆိုလျှင် ကျွန်မတို့အိမ်တွင် Church မှဖြစ်စေ၊ ခရစ်ယာန် မိဘမဲ့ဂေဟာမှဖြစ်စေ၊ ခရစ်ယာန် အသင်းအဖွဲ့များမှဖြစ်စေ ဓမ္မတေးလာဆိုတတ်ကြသည်။ ကျွန်မတို့ မောင်နှမတွေကလည်း ဓမ္မတေးနားထောင်ရသည်ကို နှစ်သက်ကြသည်လေ။

ဖေဖေ့ကိုသာမက ခရစ်ယာန်ဆွေမျိုးများက ၀ိုင်းချစ်ကြသော ကျွန်မတို့မိသားစုဝင် နောက်တစ်ဦးမှာ ညီမလေးဖြစ်သည်။ ညီမလေးကို ဒီဇင်ဘာလ ၂၄ရက်နေ့တွင် မွေးခဲ့သည်ကိုး။ အားလုံးက ပရီခရစ်စမတ်မွေးသူဆိုပြီး အမှတ်တရနှင့် ၀ိုင်းချစ်ကြသည်။ ကျွန်မတို့ မောင်နှမသုံးယောက်သည်သာ ခရစ်ယာန် မောင်နှမများကြားတွင် ဗုဒ္ဓဘာသာဖြစ်သည်။ သို့သော် သွေးနီးသည်ဟုပင် ဆိုရမည်လားမသိပါ။ မျက်နှာအဆင်များက တစ်ထပ်တည်းတူကြသည်။

ကျွန်မသည် ဖေဖေ့ကြောင့်လည်း ခရစ်စမတ်ကို ချစ်ခဲ့သည်။ ညီမလေးကြောင့်လည်း ခရစ်စမတ်ကို အမှတ်တရရှိသည်။ Merry Christmas To You All ဆိုသည့်ဆုတောင်းသံကို ငယ်ငယ်ကတည်းက နားထဲစွဲခဲ့သည်။ Centa Claus ဘိုးဘိုးကြီးကိုလည်း ချစ်သည်။ ခရစ်စမတ်နှင့် ပတ်သက်သော အရာတိုင်းကိုလည်း ညီမလေးအတွက် ရည်ရွယ်မိသည်။ ခရစ်ယာန် ပတ်ဝန်းကျင်တွင် ပျော်ဝင်သော ဗုဒ္ဓဘာသာတစ်ယောက် ဆိုလျှင်လည်း ကျွန်မလက်ခံရမည်။ ခရစ်စမတ်ကို နှစ်သက်သည်ကိုတော့ မငြင်းနိုင်။ နှစ်စဉ်နှစ်တိုင်း ပျော်ခဲ့ဖူးသော ဦးလေးအိမ်ရှိရာ အင်းစိန် ဟိုင်းပတ်မှတ်တိုင်မှ မိသားစု ခရစ်စမတ်ကိုတော့ ပြန်ချင်ပါသေးသည်။ လွမ်းလည်းလွမ်းပါသည်။ တစ်နေ့တော့ ပြန်နိုင်အောင် ကြိုးစားရဦးမည်...။

Discuss   Add this link to...  Bury

Comments Who Voted Related Links