နိုင်ငံတိုင်း လူမျိုးတိုင်းမှာ နိုင်ငံတစ်နိုင်ငံအတွက်၊ လူမျိုးတစ်မျိုးအတွက် စံနမူနာပြ သူရဲကောင်းတွေရှိတတ်ကြတယ်။ သူရဲကောင်းဆိုတာ သူတကာမလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်တဲ့သူ၊ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံပြီး အများကောင်းကျိုးအတွက် ရွက်ဆောင်သူ၊ ဥာဏ်ပညာ အမြော်အမြင်ကြီးသူ၊ စိတ်ကောင်းစေတနာရှိပြီး အများက ယုံကြည်လေးစားခံရသူ၊ စံနမူနာပြ အတုယူအပ်သူ။ အဲ့ဒီလိုလူကို သူရဲကောင်းလို့ ပြောတတ်ကြတယ်။

လူတစ်ယောက်စီ တစ်ယောက်စီတိုင်းမှာ သူတို့ဘ၀တွေထဲက သူရဲကောင်းတွေ ရှိနေတတ်ကြတယ်။ အဲ့ဒီသူရဲကောင်းတွေဟာ သူတို့တွေရဲ့ စိတ်ကို အများဆုံးလွှမ်းမိုးထားနိုင်တဲ့ သူတွေပေါ့။ ကျွန်မ ဘ၀မှာလည်း သူရဲကောင်းတစ်ယောက်ရှိတယ်။ သူရဲကောင်းလို့ သတ်မှတ်တယ်ဆိုမှတော့ ကျွန်မနဲ့ ပတ်သက်ရင် ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်နိုင်တဲ့သူ၊ ကျွန်မအတွက် ယုံကြည်လေးစားရတဲ့သူ၊ အတုယူရတဲ့သူ၊ ကျွန်မဘ၀အတွက် လမ်းကြောင်းမှန်တွေ ဖြောင့်မတ်အောင် ညွှန်ပြတတ်တဲ့သူ၊ ကျွန်မစိတ်ကို အများဆုံးလွှမ်းမိုးနိုင်တဲ့သူ ဖြစ်နေလို့ပေါ့။

ကျွန်မဘ၀ရဲ့ သူရဲကောင်း...

အသက်နဲ့ ရင်းပြီး ကျွန်မကို လူလောကထဲရောက်အောင် ခေါ်ဆောင်ကြီးပြင်းစေခဲ့သူ...

တေးသံရှင်တစ်ဦးလို ငြိမ့်ငြောင်းတဲ့အသံပိုင်ရှင် မဟုတ်ပေမယ့် ပုခက်တွင်းက ကျွန်မကိုတော့ သားချော့တေးတွေရွတ်လို့ အေးချမ်းစွာ အိပ်စက်စေခဲ့သူ၊

အဝေးကြီးမှာ ရှိနေတဲ့ ကျွန်မကို အမြဲတစေ စိတ်ပူနေတတ်သူ၊

အသက် ၂၇နှစ်ထဲရောက်နေတဲ့ ကျွန်မကို ၂နှစ်သမီးလေးလိုပဲ အမြဲထင်မှတ်နေသေးတဲ့သူ၊

ခဏခဏ ဆေးရုံတက်ခဲ့ရတိုင်း ကျွန်မခုတင်ဘေးနားမှာ နေ့ရောညပါ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံ ပြုစုစောင့်ရှောက်ခဲ့တဲ့သူ၊

အထူးကုသမားတော်ကြီး မဟုတ်ပေမယ့် ကျွန်မနာဖျားတိုင်းတော့ မေတ္တာအကြင်နာတွေနဲ့ ကုသပေးတတ်သူ၊

ဝမ်းနည်းအားငယ်တဲ့အချိန်တိုင်း ကျွန်မအတွက် အတိုင်းအဆမဲ့တဲ့ အားပေးခြင်းတွေနဲ့ အနားမှာအမြဲ အားပေးတတ်သူ၊

ကျရှုံးခြင်းဆိုတဲ့ လောကဓံနဲ့ ရင်ဆိုင်ရတိုင်း ကျွန်မအတွက် ခုံလှုံစရာ မေတ္တာတွေပြည့်နေတဲ့ ရင်ခွင်တစ်ခုနဲ့ ထွေးပွေ့တတ်သူ၊

ပါရဂူပညာရှင်ကြီး မဟုတ်ပေမယ့် ကျွန်မရဲ့ လက်ရေးလေးတွေ ၀ိုင်းစက်လှပနေအောင်တော့ သင်ပေးတတ်ခဲ့သူ၊

တစ်သက်တာလုံး ဖြေခဲ့ရတဲ့ စာမေးပွဲတွေတိုင်း ညလုံးပေါက် ကျွန်မကို စာကူကျက်ပေးတတ်သူ၊

နိုင်ငံကျော် မင်းသမီးတစ်ယောက်လို မလှပပေမယ့် မိခင်မေတ္တာနဲ့ အရာရာကို လှပေစေသူ၊

မိုနာလီဇာအပြုံးလို ကမ္ဘာမကျော်ပေမယ့် အပြုံးတစ်ပွင့်နဲ့ ခန္ဓာကိုယ်ထဲမှာ အားအင်တွေ ပြည့်စေနိုင်တဲ့သူ၊

ကိုယ်တိုင်တော့ ရာထူးတွေ ဂုဏ်တွေကို စွန့်လွှတ်လို့ သားသမီးတွေကိုတော့ ရာထူးရာခံတွေ ရှိစေချင်သူ၊

ကိုယ်တိုင်လျှောက်ခဲ့တဲ့လမ်းက ဆိုးသလားကောင်းသလား မသိခဲ့ပေမယ့် ကျွန်မအတွက်တော့ လမ်းကောင်းလမ်းဖြောင့်ကို ဖောက်ပေးခဲ့တဲ့သူ၊

နူးညံ့သိမ်မွေ့တဲ့ မိန်းမသားပေမယ့် သားသမီးအရေးအတွက်ဆိုရင် ကျားရဲတစ်ကောင်လို ရဲရင့်တဲ့သူ၊

တော်လေး၀၀င် မဟုတ်ပေမယ့် ကျွန်မအတွက်တော့ စံနမူနာယူထိုက်သူ...

ကျွန်မချစ်တဲ့ မေမေ...

ကျွန်မဘ၀ရဲ့ သူရဲကောင်း...

ဘယ်နိုင်ငံတစ်နိုင်ငံ၊ ဘယ်လူမျိုးတစ်မျိုးအတွက်မှ သူရဲကောင်းမဟုတ်ပေမယ့် ကျွန်မအတွက်တော့ ထာဝရ သူရဲကောင်း မေမေ...။

( မတ်လ ၁၉ရက်နေ့... ကျွန်မ မေမေရဲ့ အသက် ၅၂နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရ )
Discuss   Add this link to...  Bury

Comments Who Voted Related Links